25 Oct 2011 @ 8:29 AM 
ဝါစိမ်းနီငါးဖယ်ရေကျန်ဆီကျန်ဟင်း
ငါးဖယ်ဆုပ် ကြော်ချက်
ကြက်သွန်နီငါးဖယ်ငါးပေါင်းကြော်
ငါးဖယ်နဲ့ချက်တဲ့ မုန့်ဟင်းခါး
ငါးဖယ်ချဉ်ကင်သုပ်
ငါးဖယ်ငရုတ်ပွကြော်
ငါးဖယ်ငါးပိချက်
ငါးဖယ်လုံးငရုတ်သီးစိမ်းချက်
ငါးဖယ်ကြက်သွန်ကြော်မွှေးမွှေးလေး
ငါးဖယ်လုံးကော်ရည်ခေါက်ဆွဲ
ငါးဖယ်သုပ်
ကြာဆံချက်
ငါးဖယ်လုံးခွေးတောက်ရွက်ကြော်ချက်
ငါးဖယ်အစာသွပ်
ငါးဖယ်လုံးမုန်ညင်းဟင်းချို
ငါးဖယ်လုံးမရမ်းပြားချဉ်စပ်ချက်
ငါးဖယ်ရွဲယိုရွက်အုပ်ချက်
ငါးဖယ်ကြက်ဟင်းခါးသီးအဆာသွပ်
မောင်နှမတို့ရေ့ 
 ဒီနေ့တော့ ငါးဖယ်ငါးဆုပ်ကို အကြော်တစ်မျိုး၊ သုပ်လို့တစ်ဖုံ၊ ဆီပြန်ဟင်းအဖြစ် ချက်တာက တစ်မျိုး၊ ဟင်းရည်သောက်ချက်လို့ တစ်ဖန် ချက်ပြုတ်လို့ရတာလေးတွေကို ပုံလေးတွေနဲ့ပဲ တင်လိုက်တယ်နော်။
ချက်နည်းတွေကတော့ ရိုးရိုးလေးတွေပဲမို့ မောင်နှမတွေ ချက်တတ်ပြီးသား ဖြစ်မယ်လို့ ယုံပါတယ်။
ဘာရယ်မဟုတ် တစ်နေ့တစ်နေ့ ဘာဟင်းချက်ရမလဲဆိုတာ စဉ်းစားပြီး ခေါင်းကိုက်ရတာမို့ ငါးဖယ်နဲ့ ပတ်သက်ပြီး ချက်ထားတဲ့အထဲက တစ်ချို့ကို စုစည်းပြီး တင်ထားလိုက်တာပါ။
အားလုံးအဆင်ပြေကြပါစေနော်။
Posted By: admin
Last Edit: 25 Oct 2011 @ 08:29 AM
EmailPermalinkComments (8)
Tags
 23 Sep 2011 @ 7:33 AM 
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။
ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမများကို ငါးသလဲထိုး အိုးကပ်လေး ချက်ကျွေးပါဦးမယ်နော်။
ငါးသလဲထိုး အိုးကပ်ဆိုပေမယ့် ဒီတစ်ခါမှာ မိုက်ကရိုဝေ့ဖ်နဲ့ ချက်နည်းလေးကို မျှဝေမှာဖြစ်ပါတယ်။
ကျွန်မ ပြီးခဲ့တဲ့နှစ်တုန်းက ကျန်းမာရေးအရ ခွဲစိတ်ကုသမှုခံယူရတဲ့အချိန်မှာ အညှော်လုပ်လို့မရပါဘူး။
အဲ့ဒီတော့ ကျွန်မက ဟင်းတွေတော်တော်များများကို မိုက်ကရိုဝေ့ဖ်နဲ့ စမ်းပြီးချက်ပြုတ်ရင်းနဲ့ပဲ ရလာတဲ့ အတွေ့အကြုံအသစ်လေးတွေပါ။
မိုက်ကရိုဝေ့ဖ်နဲ့ ချက်ရတာက အညှော်မိသက်သာတယ်၊ ပြီးတော့ လူပင်ပန်းလည်း သက်သာသလို မီးဖိုဆောင်မှာလည်း သိပ်ပြီး ညစ်ပတ်တာမျိုး မဖြစ်စေဘူး။ ချက်ပြုတ်ပြီးရင်တော့ မိုက်ကရိုဝေ့ဖ်ကို သန့်ရှင်းရေး ပြန်လုပ်ရတာပေါ့လေ။ 
ငါးသလဲထိုးအိုးကပ်အတွက်ကတော့ ငရုတ်သီးရယ်၊ ကြက်သွန်ဖြူနီချင်းစပါးလင် ညက်အောင်ထောင်းပြီး ငါးကို ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့်နည်းနည်းရယ်၊ နနွင်းမှုန့်ရယ်၊ ထောင်းထားတဲ့ အဆာ ပလာရယ်နဲ့ ရောနယ်ပေးပါနော်။ ပြီးရင် ဇောက်သိပ်မနက်တဲ့ အ၀ကျယ် ဖန်ဇလုံကြီးကြီးတစ်ခုကိုယူ၊ ဆီလေးထည့်ပြီး နယ်ထားတဲ့ ငါးတွေကို အသာအယာ ညီညီညာညာလေး ဖြန့်ပြီး ထည့်ပေးပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင် အဲ့ဒီဖန်ဇလုံကို မိုက်ကရိုဝေ့ဖ်ထဲထည့်ပါ။ (ကျွန်မသုံးတဲ့ မိုက်ကရိုဝေ့ဖ်ရဲ့အားက 1100 W ပါရှင်။ ) ပြီးရင် ၁၀ မိနစ် အရင် အပူပေးလိုက်ပါ။ ၁ဝ မိနစ်ပြီးခဲ့အခါမှာ ငါးတွေကို ဟိုဘက်ဒီဘက် လှန်ပေးလိုက်ပြီး နောက်ထပ် ၅ မိနစ်ထပ်ပြီး အပူပေးလိုက်ပါ။ ကိုယ်ကြိုက်တဲ့ အကြွပ်အနေအထားရအောင် အပူချိန်ထပ်ပေးပါ။ ခပ်ပျော့ပျော့ကြိုက်ရင် အချိန်နည်းနည်းလျော့ပေးပါ။ ငါးနဲ့ ပါဝင်တဲ့အဆာပလာ အနည်းအများရယ်၊ ကိုယ်ပေးတဲ့အချိန်ရယ်မူတည်ပြီးတော့ ငါးကို ကြွပ်ကြွပ်လေး ဖြစ်ဖို့ ချိန်ညှိရုံပါပဲနော်။ အရမ်းလွယ်ကူလွန်းလို့ ခဏခဏ ငါးအိုးကပ် ချက်စားဖြစ်တယ်။
ငါးအိုးကပ်ထဲမှာ ကိုယ့်စိတ်ကြိုက်ဖြစ်စေမယ့် ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ နံနံပင် စတာတွေကိုလည်း ထည့်နိုင်ပါတယ်နော်။ 
နောက်ပိုင်းမှာ မိုက်ကရိုဝေ့ဖ်နဲ့ ဘာလချောင်ကြော်တာတွေ၊ အမဲသားမွကြော်တွေ ကြော်တာလေးတွေပါ မျှဝေပေးပါဦးမယ်နော်။ မောင်နှမများလည်း အဆင်ပြေမယ်ဆိုရင် မိုက်ကရိုဝေ့ဖ်နဲ့ ငါးအိုးကပ်လေး ချက်စားကြည့်ကြပါဦးလားနော်။
 21 Oct 2010 @ 9:28 AM 
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ နေပြည်တော်ကိုရောက်တော့ ကွန်နက်ရှင်ကလည်း သိပ်မကောင်းတော့ ပို့စ်တွေလည်း မတင်ဖြစ်ဘူးနော်။ မီးဖိုဆောင်လေးကို ပစ်ထားရတာ ကြာပါပြီ။ မောင်နှမတွေကိုလည်း ပစ်ထားရသလို ဖြစ်နေတာ ကြာနေပြီနော်။ ဒီနေ့တော့ မောင်နှမတွေထဲက ငါးပေါင်းထုပ်ထုပ်နည်းလေး လာမေးထားလို့ ဖေ့စ်ဘွတ်ခ်မှာတုန်းက မပြုံးပြုံးရီ မေးထားတာလေးကို ဖြေပေးထားတဲ့အဖြေလေးကို မောင်နှမတွေအားလုံးအတွက်  မျှဝေပေးလိုက်ရပါတယ်နော်။
ငါးပေါင်းထုပ်ချက်တော့မယ်ဆိုရင် ငါးပေါင်းထုပ်လိုမျိုး အထုပ်ထုပ်ပြီး ချက်ချင်တာလား၊ ဒါမှမဟုတ် ငါးရံ့ကိုဆီပြန်ချက်ပြီး ရဲယိုရွက်အုပ်သလိုမျိုးလား၊ ဒါမှမဟုတ် ငါးရံ့ကို အသားလွှာပြီးတော့ ဆီပြန် ချက်ပြီးတော့မှ ရဲယိုရွက်တွေနဲ့ ရောမွှေချက်တာမျိုးလားနော်။
ငါးပေါင်းထုပ်လိုချက်မယ်ဆိုရင်တော့ ဗူးသီး၊ ငှက်ပျောဖူး၊ ကြက်သွန်နီ၊ ဖြူ၊ ချင်း၊ ဆန်မှုန့်လေး နည်းနည်း၊ ကော်မှုန့်လေးနည်းနည်း၊ စပါးလင်၊ ငရုတ်သီးအဲ့ဒါတွေ လိုမယ်နော်။ ဗူးသီးကို လက်တစ်လုံး အရွယ်လေးတွေလှီး၊ ငှက်ပျောဖူးပါးပါးလှီး၊ ကြက်သွန်ဥနီသေးသေးလေးတွေထည့်၊ ငါးရံ့ကို သန့်စင်အောင် ရေဆေးပြီးတော့ ဘေးဆူးတောင်ကို လှီးထုတ်ပစ် အလယ်ရိုးမပါအောင် အသားလွှာလှီးယူပြီးတော့ လက်တစ်လုံးအရွယ်လေး တွေလှီး၊ ငါးရံ့ရယ်၊ ဗူးသီး၊ ငှက်ပျောဖူး၊ ဆား၊ ဟင်းခတ်မှုန့်၊ကော်မှုန့်၊ဆန်မှုန့်၊ နနွင်း၊ ဆီလေးနည်းနည်းထည့်၊ ထောင်းထားတဲ့ငရုတ်သီး ကြက်သွန်ဖြူနီ၊ စပါးလင် အားလုံးသမအောင်နယ်၊ ပြီးတော့မှ ရဲယိုရွက်ထဲ အဲ့ဒီအစာတွေထည့်၊ သေချာပြန်ထုပ်ထားပါနော်။
ပြီးရင် ပေါင်းအိုးအောက်မှာ ရေထည့်၊အပေါ်က စကာထဲမှာ ရဲယိုရွက်တွေခင်းလိုက် ပြီးရင် ထုပ်ထား တဲ့ ငါးပေါင်းထုပ်လေးတွေတင်ပြီး နာရီဝက်လောက်ပေါင်းပေး၊ ပြီးရင်တော့ ငါးထုပ်တွေကို ဟိုဘက်ဒီဘက် တစ်ခါလှန်ပြီးထပ်ပေါင်းပေးနော်။အဲ့ဒါကတစ်နည်းပေါ့။ ပေါင်းရခက်မယ် ထင်ရင်တော့ ခုနက အဆာပလာ တွေကို လုံးချက်ချက်၊ ပြီးတော့မှ ရဲယိုရွက်အုပ်။ အဲ့ဒီလိုလည်းရတယ်နော်။
နောက်တစ်နည်းက ငါးရံ့ကို အကွင်းလိုက်ပဲလှီးတယ်၊ ပြီးတော့ ငရုတ်သီးကြက်သွန်ဖြူနီချင်း စပါးလင်ထောင်းထားတာနဲ့ ဆီပြန်ချက်၊ ကြက်သွန်နီဥလေးတွေပါ ထည့်ချက်၊ ပြီးတော့မှ ရွဲယိုရွက်အုပ်တာ။ အဲ့ဒါက တစ်နည်းနော်။
နောက်တစ်နည်းက ငါးရံ့ကို အသားလေးတွေချည်းပဲလွှာယူ၊ ပြီးရင်အတုံးသေးသေးလေးတွေ ဖြစ်အောင်လှီး၊ ပြီးတော့မှ ထောင်းထားတဲ့ငရုတ်သီးကြက်သွန်ဖြူနီချင်းစပါးလင်နဲ့ ဆီသတ်၊ ကြက်သွန်နီဥ လေးတွေပါထည့်၊ ငါးလေးတွေ ကြေအောင်မွှေ၊ ပြီးတော့မှ ရွဲယိုရွက်အုပ်ချက်၊ အဲ့ဒါ ကတော့ တစ်နည်းနော်။ မောင်နှမတွေ အဆင်ပြေမယ့်နည်းနဲ့ချက်ပါနော်။ ငါးပေါင်းထုပ်ဟင်းချက်တဲ့အခါ လက်ဝင်တယ်လို့ ထင်ရပေမယ့် တစ်ခါတလေ ချက်စားတဲ့အခါ သိပ်ကို စားမြိန်တာမို့ ပိတ်ရက်လေးတွေမှာ မောင်နှမတွေ လက်တည့်စမ်းကြည့်ကြပါဦးနော်။ မမလုကတော့ နေပြည်တော်မှာ အခြေမကျသေးတာမို့ နောက်မှပဲ ဟင်းပွဲလေးတွေကို ဓာတ်ပုံလေးတွေနဲ့တကွ ထပ်ပြီး တင်ပေး ပါ့မယ်နော်။ ဒီဟင်းပွဲလေးမှာ ဓာတ်ပုံမတင်နိုင်လို့ ဒီစာလေးနဲ့ပဲ ကျေနပ်ပေးပါလို့ မောင်နှမတွေကို တောင်းဆိုပါတယ်နော်။
Posted By: admin
Last Edit: 21 Oct 2010 @ 09:28 AM
EmailPermalinkComments (12)
Tags
Categories: ဟင်း
 22 Sep 2010 @ 4:55 PM 
ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတို့ကို မမကြီး Guiness တို့ အလှူမှာ ဧည့်ခံတုန်းက မီနူးထဲက ဟင်းအမယ်တစ်မျိုးဖြစ်တဲ့ ပုစွန်ကြာဆံဟင်းချက်နည်းလေးကို မျှဝေပေးပါရစေ နော်။ 
ပုစွန်ကြာဆံဟင်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ပုစွန် (မိမိနှစ်သက်မယ့် အရွယ်အစားကို ၀ယ်ပါ နော်၊ အကောင်ကြီးရင်တော့ ပိုပြီး စားကောင်းပါတယ်)၊ ပဲကြာဆံ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငံပြာရည်၊ ငရုတ်သီးအရောင်မှုန့်၊ ငရုတ်သီးစိမ်း၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်နဲ့ ဆီတို့ပါနော်။
ပုစွန်ကို သန့်စင်အောင် ဆေးကြောပြီးတဲ့အခါ ဆားနဲ့ထပ်နယ်ပြီး ဆေးပစ်ပါ၊ ပြီးတော့မှ ပုစွန်ကို ဆား၊ သကြား၊ ဟင်းခတ်မှုန့်တို့နဲ့အတူရောနယ်ပြီးနှပ်ပေးထားပါနော်။ ပြီးရင် ကြက်သွန်ဖြူနီတို့ကို အခွံနွှာ ရေဆေးပြီးတော့ငရုတ်သီးအရောင်မှုန့်နဲ့ ရောထောင်းပေးပါနော်။ ခရမ်းချဉ်သီးကို ပါးပါးလှီးပေးထားပါ နော်။ ငရုတ်သီးစိမ်းကိုလည်း အညှာခြွေရေဆေးပေးထားပါနော်။ ပဲကြာဆံကိုလည်း ရေစိမ်ထားပေးပါနော်။
 အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်၊ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေ ဆီသတ်ပါ နော်။ ကြက်သွန်တွေနွမ်းပြီဆိုရင် ငံပြာရည်ရယ်၊ လှီးထားတဲ့ခရမ်းချဉ်သီးကို ထည့်မွှေပြီး ခရမ်းချဉ်သီး ဆီလိမ်တဲ့အထိ တည်ပေးပါ။ နောက်မဟုတ်ရင် ခရမ်းချဉ်သီးစော်နံပြီး ဟင်းစားမကောင်းတတ်ဘူး ဖြစ်တတ်ပါတယ်။ ခရမ်းချဉ်သီး ဆီလိမ်ပြီဆိုရင် ပုစွန်တွေထည့်ပြီး မွှေပေး၊ ပုစွန်က ထွက်လာတဲ့စိမ့်ထွက် ရည်တွေ ခမ်းတဲ့အထိ တည်ပေးပါနော်။ ပုစွန်တွေပါ ဆီပြန်လာပြီဆိုရင်တော့ ရေစိမ်ထားတဲ့ ပဲကြာဆံတွေ ကို ထည့်ပေးပါ။ (အလှူအတွက်ဆိုရင်တော့ ညဘက်မှာ ပုစွန်ဟင်းကိုချက်ထား ပြီးမနက်ကျမှ ဟင်းအိုး ပြန်နွှေးပြီးတဲ့အခါကျ ပဲကြာဆံကို ထည့်ချက်ပေးပါနော်)။ ပဲကြာဆံ ထည့်ပြီးတဲ့အခါကျ ကြာဆံအနူးအတွက် ရေနွေးလေး နည်းနည်းထည့်ပေးပြီးတည်ပေးပါနော်။ ကြာဆံက အပူရှိန်နဲ့ကို ကျက်နိုင်တာမို့ ကြာဆံထည့်ပြီး ခဏနေရင် ငရုတ်သီးစိမ်းအုပ်၊ ကြိုက်တတ်ရင်   ပင်စိမ်းရွက်လေးအုပ်ပြီး ဟင်းအိုးချနိုင်ပါ တယ်နော်။ 
ဟင်းပွဲပြင်တဲ့အခါကျ လှအောင်လို့ ပင်စိမ်းရွက်/နံနံရွက် အုပ်ပေးလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ပုစွန် ကြာဆံဟင်းလေးရပါပြီနော်။
Posted By: admin
Last Edit: 22 Sep 2010 @ 04:55 PM
EmailPermalinkComments (3)
Tags
Categories: ဟင်း
 20 Sep 2010 @ 8:20 AM 
ချစ်သောမောင်နှမများအားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတို့ကို ကဏန်း ငရုပ်ကောင်းချက် လေး ချက်ကျွေးပါရစေနော်။
          လိုအပ်တဲ့ပစ္စည်းတွေကတော့ ကဏန်း၊ ကြက်သွန်ဖြူ၊ နီ၊ ချင်း၊ ငရုတ်ကောင်း၊ ပဲငံပြာရည် အကြည်၊ ဆား၊ နနွင်းမှုန့် အနည်းငယ်၊ ဆီနဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။
ကဏန်းကို ၀ယ်ပြီးတော့ အပေါ်က အခွံမာရယ်၊ အခွံမာအောက်က ရေယက်တွေလိုဟာတွေ ကို ဖယ်ပစ်လိုက်ပါနော်။ ပြီးရင် ပက်လက်လှန်လိုက်ပြီးတော့ ဗိုက်ပေါ်က အ၀ိုက်ကလေးကို ဖယ်ထုတ်ပစ်ပါ။ ကဏန်းလက်ချောင်းသားလေးတွေ ဖယ်ရှားပစ်ပါ၊  လက်မကြီးကို သီးသန့်ယူထားပါ။ အားလုံးပြီးရင် ရေစင်အောင်ဆေးပေးပါနော်။  ပြီးတော့ ကဏန်းကိုယထည်တွေကို ဆားလေးနည်းနည်းနဲ့ နယ်ပေး ထားပါနော်။  ကြက်သွန်ဖြူနီချင်း စတာတွေကို အခွံနွှာ၊ ရေဆေးပြီး ထောင်းပါနော်။ ပြီးရင် ငရုတ်ကောင်းစေ့ လေးပါ ထည့်ထောင်းလိုက်ပါနော်။ 
အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးထည့်၊ ပြီးရင် ထောင်းထားတဲ့ ချင်းကြက်သွန်ဖြူနီတို့ကို ထည့်ပြီး ဆီသတ်၊ မွှေးလာရင် ကဏန်းတွေထည့် သမအောင် မွှေ၊ ပြီးရင် ရေလေးပါ နည်းနည်းထည့်ပေး၊ ပဲငံပြာရည် အကြည်လေးထည့်၊ အရသာအတွက် အပေါ့အငန် ထည့်ပြီး အုပ်ထားပြီး တည်ပေးပါနော်။ ရေလေးခမ်းသွားရင်နောက်ထပ် နည်းနည်းချင်း ရေထပ်ဖျန်းပြီး ချက်နော်။ အနှစ်များများလေးနဲ့ နယ်စားလို့ကောင်းအောင် ကြက်သွန်ဖြူနီများများလေး ထည့်ထောင်းပြီး ချက်ပါနော်။ ပြီးတော့ငရုပ်ကောင်းလေးနဲ့ဆိုတော့ မွှေးမွှေးလေးပေါ့နော်။ အရသာကတော့ ချိုအီပူစပ်လေးပေါ့။ ငရုတ်ကောင်းပါလို့ နည်းနည်းလေး ပူချင်တယ်ဆိုပေမယ့် ကလေးတွေ စားနိုင်တဲ့ အရသာလောက်ရှိတော့ အဆင်ပြေပါတယ်နော်။
အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ကဏန်း ငရုတ်ကောင်းမွှေးချက်လေး ရပါပြီနော်။ မောင်နှမများအားလုံးလည်း အဆင်ပြေတဲ့အခါ ကဏန်းငရုတ်ကောင်းမွှေးလေး ချက်စားကြည့်ပါဦးနော်။
Posted By: admin
Last Edit: 20 Sep 2010 @ 08:20 AM
EmailPermalinkComments (6)
Tags
Categories: ဟင်း
 18 Aug 2010 @ 4:24 AM 
          ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ မောင်နှမတို့ကို ကဏန်းလက်မအသားတွေကို ဘဲဥလေးနဲ့ ကြော်ကျွေးပါဦးမယ်နော်။ ဒီဟင်းလျာလေး ကတော့ ကျွန်မရဲ့ ၁၈ x ၂ မွေးနေ့အလှူပွဲမှာ ဘုန်းတော်ကြီးများကို ဆက်ကပ်ခဲ့တဲ့ ဟင်းလျာ တစ်မယ်ပါနော်။
          ဒီဟင်းချက်ဖြစ်တာကလည်း မေတ္တာရပ်ဝန်းမီးဖိုဆောင်ရဲ့ ၀ိုင်းတော်သား တစ်ဦးဖြစ်တဲ့ နယူးမင်းက တစ်နေ့ ကျွန်မကို ပြောပါတယ်။ မမလုကို ဖေ့စ်ဘွတ်ခ်မှာ hide လုပ်ထားရမယ် တဲ့။ အဲ့ဒါနဲ့ ဘာလို့လဲဆိုတော့ ဟင်းတွေကို မြင်သာမြင်ရ၊ မကြင်ရ ဖြစ်နေလို့တဲ့လေ။ ဒါနဲ့ပဲ မြန်မာပြန်လာရင် မမလုကို ကြိုပြောပါ။ ချက်ကျွေးပါမယ် ကတိပေးခဲ့ပါတယ်။ ပြီးတော့ ဘာစားချင်တာလဲလို့ မေးကြည့်တော့ ကဏန်းဟူရောင်ကြော်လား ဘာလား နာမည်တော့ သေချာမမှတ်မိတော့ဘူးတဲ့၊ ကဏန်းသားကို ဘဲဥ/ကြက်ဥနဲ့ ကြော်တာတဲ့လေ။ အဲ့ဒါနဲ့ သူနဲ့ ကျွန်မ ဒီဟင်းလျာစားဖူးတဲ့အရသာကို confirm လုပ်ကြပါတယ်။ အလှူလုပ်မယ်လည်း ဆိုရော ဒီဟင်းလျာလေးကို ဘုန်းဘုန်းတွေအနေနဲ့ ဘုဉ်းပေးရခဲတယ်ဆိုပြီး ထည့်ဖြစ်ခဲ့တာပါ နော်။ ကျွန်မမွေးနေ့အလှူဆိုပေမယ့် ဟင်းလျာများအားလုံးကို ကျွန်မစိတ်ကြိုက် ရွေးချယ် ဆုံးဖြတ်ခွင့်မရှိပါ၊ ဒိုင်လူကြီးဖြစ်တဲ့ ကျွန်မအမေက ကျွန်မတို့ မောင်နှမတွေ တင်သွင်းတဲ့ ဟင်းလျာတွေကို ကြည့်ပြီး သူ့စိတ်ကြိုက်ဆုံးဖြတ်တာကို ကျွန်မတို့က အလိုလိုက်ရပါတယ် :P   အိမ်မှာ အမေ့ရှေ့ ပြောရင် အဆူခံရမှာ စိုးလို့ အားလုံးသိအောင် ဘလော့ဂ်ပေါ်ကနေ အမေ့အကြောင်း ပြောလိုက်တာ။
          လိုအပ်တဲ့ပစ္စည်းတွေကတော့ အသားနွှင်ထားတဲ့ကဏန်းလက်မ၊ ဘဲဥ/ကြက်ဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးခြောက် အပုပွတောင့်၊ ပဲငံပြာရည်အကျဲ၊ ပဲငံပြာရည် အပျစ်၊ ဆီ၊ သကြား၊ ဆား၊ ဟင်းခတ်မှုန့်၊ တရုပ်မာဆလာအနည်းငယ်နဲ့ ကြက်သွန်မြိတ်အနည်းငယ်တို့ပါနော်။
          ကဏန်းလက်မအသားချည်းသက်သက်ကတော့ စီးတီးမတ်တွေမှာ ၀ယ်လို့ရပါတယ်။ freeze လုပ်ထားပေမယ့် တော်တော့်ကို လတ်ပါတယ်။ ကျွန်မက အလှူမှာ ဘုန်းကြီးဆွမ်းပွဲ ဟင်းလျာအတွက် ထည့်ချက်ချင်ပေမယ့် ကဏန်းက မလတ်ရင် ဗိုက်နာတတ်တာမို့ စိုးရိမ်ပြီး ပထမတစ်ရက် ကဏန်းသားကို ၀ယ်ပြီး အစမ်းချက်စားကြည့်ပါတယ်။ အိမ်သားအားလုံးက စားကောင်းတယ်၊ ဗိုက်လည်းမနာဘူးဆိုပြီး အတည်ပြုတော့မှ ဘုန်းကြီးဆွမ်းပွဲဟင်းလျာထဲ ထည့်ဖို့ ဆုံးဖြတ်ချက်ကျပါတယ်။        
          ကဏန်းလက်မက သန့်ပြီးသားဆိုတော့ ခဲတာလေးတွေ ပျော်အောင်ပဲ အပြင်မှာ ခဏထားပါတယ်။ အဲ့ဒီအချိန်မှာ ငရုတ်သီးအပုပွတောင့်ကို အညှာခြွေ၊ အစေ့ထုတ်ပြီးတော့ ရေနွေးပူပူနဲ့ စိမ်ပြီး ဆေးပစ်ပါတယ်။ ပြီးတော့မှ ငရုတ်သီးတွေကို ညက်နေအောင် ထောင်းပါတယ်။ ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကိုလည်း အခွံနွှာ ရေဆေး၊ ကြက်သွန်နီကို အကွင်းလိုက်လေး လှီးပါတယ်၊ ကြက်သွန်ဖြူကို မညက်တညက်ကြိတ်ထားပါတယ်။ ချင်းကို ပါးပါးလွှာလွှာလေးတွေလှီးပြီးတော့မှ အရှည်လိုက် အချောင်းလေးတွေရအောင် ပြန်လှီးပါ တယ်။ ကြက်သွန်မြိတ်လေးတွေကိုတော့ သန့်ရှင်းရေးလုပ်ပြီးတော့ တစ်လက်မအရှည် လောက်လေးတွေ လှီးပေးထားပါနော်။ ဘဲဥ/ကြက်ဥကိုလည်း မွမွလေးဖြစ်နေအောင် ခေါက်ပေးထားပါနော်။
          အားလုံးအသင့်ဖြစ်တဲ့အခါကျရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူနီချင်းတို့ကို ထည့်ပြီး အရင် ဆီသတ်ပေးပါ။ ကြက်သွန်စိမ်းနံ့ပျောက်တာနဲ့ ငရုတ်သီးအနှစ်လေး တွေကို ရေနွေးလေးနဲ့ ရောဖျော်ပြီး ထည့်ပြီး ဆီသတ်ပေးပါနော်။ ပြီးရင် ကဏန်းသားလေးတွေကို ထည့်ပေး၊ တစ်လက်စတည်း ပဲငံပြာရည်အကျဲ၊ ဆားအနည်းငယ်နဲ့ ဟင်းခတ်မှုန့်လေးတို့ကိုပါ ထည့်ပြီး ကဏန်းသားလေးတွေ မကြေရအောင် သတိလေးနဲ့ ဖြေးဖြေးချင်း အထက်အောက် သမအောင်လှန်ပေးပါနော်။ ပြီးရင်တော့ အိုးမကပ်ရအောင်ရော အသားလေးတွေ အကျက်မှန်ရအောင် ရေလေးဖျန်းဖျန်းပြီးတော့ ချက်ပေးနော်။ အပေါ့အငန် အရသာကိုလည်း မြည်းပြီးတော့ စိတ်ကြိုက်ဖြစ်အောင် အရသာထည့်ပေးပါနော်။ ပြီးတော့မှ ခေါက်ထားတဲ့ ဘဲဥတွေကို နှံ့အောင် ထည့်ပေးပြီး တရုတ်မာဆလာလေး အနည်းငယ်ကို ထည့်ပေးလိုက်ပါ။ ပြီးရင် ကဏန်းသားနဲ့ ဘဲဥအားလုံးနှံ့အောင် အသာအယာ မွှေပေးပါနော်။ ပြီးတော့မှ ကြက်သွန်မြိတ်လေး အပေါ်ကနေ ဖြူးလိုက်ပေါ့နော်။ အဲ့ဒါဆိုရင်တော့ အနံ့ အရသာနဲ့ ပြည့်စုံလှတဲ့ ကဏန်းလက်မဘဲဥကြော်လေး ရပါပြီနော်။
          တကယ်လို့ မြန်မာလိုချက်ချင်တယ်ဆိုရင်လည်း တရုတ်မာဆလာမထည့်ဘဲ ကုလားလေး မာဆလာရယ်၊ ငရုတ်သီးစိမ်းလေးတွေရယ်ထည့်ချက်ပါ၊ ပြီးတော့မှ မန်ကျည်း သီးနှစ်လေး အုပ်ပေးပါ။ ကျွန်မက အချဉ်မထည့်ဘဲ ချက်ရခြင်းအကြောင်းက ဟင်းရည် သောက်က ကင်မ်ချီဟင်းရည်ဖြစ်နေတာရယ်၊ ကျောက်ပွင့်ပုစွန်သုပ်ကလည်း အချဉ် ပါဦးမှာမို့ ကဏန်းသားဘဲဥကို ကြော်လိုက်တာပါနော်။
          မောင်နှမများအားလုံးလည်း အဆင်ပြေတဲ့အခါကျ ကဏန်းသားဘဲဥကြော်လေး လုပ်စားကြည့်ကြပါဦးနော်။
Posted By: admin
Last Edit: 18 Aug 2010 @ 04:24 AM
EmailPermalinkComments (0)
Tags
Categories: ဟင်း
 03 Aug 2010 @ 8:27 AM 
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတို့ကို ၀က်သား နာနတ်သီးချက်လေး မျှဝေပေးပါရ စေဦးရှင်။ ဒီဟင်းအမယ်လေးကတော့ မောင်လေး blogger လေးက မေးလို့လည်း ပြောပြခဲ့ဖူးသလို မမ Guiness ရဲ့
ဝါဆို အလှူအတွက်ပေးခဲ့တဲ့ မီနူးလေးထဲ တစ်ပွဲအပါအ၀င်ပါ။ မောင်နှမတွေလည်း တစ်ခါတလေ ချက်စားလို့ရနိုင်အောင်လို့ မျှဝေလိုက်ရပါတယ်ရှင်။
ဝက်သားနာနတ်သီးချက်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်သား သုံးထပ်သား ကီလိုဝက်ကို နာနတ်သီး အလုံး သေး တစ်လုံး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ နာနတ်ပွင့် (Star Anise) အနည်းငယ်၊ ဆား၊ ပဲငံပြာရည်အပျစ်၊ သကြား၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။
ဝက်သားကို သန့်စင်အောင်ဆေးကြောပြီးရင် အနေတော် အတုံးလေးတွေရအောင်တုံးပါ။ ပြီးရင် ၀က်သားကို ဆား၊ သကြားအနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ် တို့နဲ့ နှံ့အောင်နယ်ပေးပါနော်။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပေးပါ။ ကြက်သွန်နီကို လေးစိတ်ထိုးပေးထားပါ။ ချင်းကို အချောင်းလေးတွေ ရအောင်လှီးပေးထားပါနော်။ နာနတ်ပွင့် မှာက ပွင့်ဖတ်လေး
ရှစ်ဖတ်လောက်ပါတတ်ပါတယ်။ ဟင်းအိုးထဲထည့်တဲ့အခါ ၀က်သား တစ်ကီလိုအတွက် နာနတ်ပွင့်ဖတ် ၃ ဖတ်လောက် ထည့်ရင် ရပါပြီနော်။ နာနတ်သီးကိုတော့ အခွံနွှာ၊ အူတိုင်ထုတ်၊ မျက်စိတွေ လှီးထုတ်၊ ရေဆေးပြီး အရွယ်တော် အတုံးလေးတွေ တုံးပေး ထားပါနော်။
အားလုံးအသင့်ဖြစ်တဲ့အခါ မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးပူလာပြီဆိုရင် နယ်ထားတဲ့ ၀က်သားတွေကို လှော်ပေးပါ။ ၀က်သားတွေကို မီးပြင်းပြင်းနဲ့လှော်လိုက်ရင် (၀က်သိုးနံ့)လို နံတဲ့အနံ့တွေ ပျောက်သွားပါတယ်။ လှော်တဲ့အထဲကိုနာနတ်ပွင့် တွေ ထည့်လှော်လိုက်ပါ။ ၀က်သားတွေ ရေခြောက်သွားပြီး နာနတ်ပွင့်နံ့လေးလည်း သင်းလာပြီဆိုရင် ၀က်သားတွေကို ခဏ ဆယ်ယူလိုက်ပါ၊ ပြီးတော့ ဒယ်အိုးထဲကို ဆီထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူနီချင်းတို့ကို ထည့်ပြီး ဆီသတ်ပါနော်။ ကြက်သွန် ဖြူနီကို တော်တော်နွမ်းသွားအောင်အထိ ဆီသတ်ပေးပြီး တော့ ၀က်သားတွေကို ထည့်ပြီး မွှေပေးပါ။ ပြီးတော့မှ ၀က်သားမြုပ်ရုံ ရေထည့် အဖုံးဖုံးပြီး မီးအသင့်အတင့်နဲ့ တည်ပေးပါ။ ရေခမ်းခါနီးကျရင်တော့ တစ်ခါထပ်မွှေ၊ ပြီးရင် ရေထပ်ထည့်၊ (၂) ရေ လောက်ခမ်းပြီဆိုရင် ပဲငံပြာရည်အပျစ်လေးထည့်ပြီး ရေခမ်းအောင်မွှေ၊ ပြီးတော့မှ နာနတ်သီးစိတ်လေးတွေ ထည့်ပြီး ၀က်သား တွေနဲ့ နှံ့အောင်မွှေ၊ နာနတ်သီးထဲက ထွက်လာ မယ့် ချိုချဉ်အရသာလေးတွေက ၀က်သားထဲ ၀င်အောင်၊ ၀က်သားထဲကအဆီ အနှစ်တွေ ကလည်း နာနတ်သီးထဲ ၀င်အောင်မီးမျှင်းမျှင်းနဲ့ ဆီပြန်တဲ့အထိ တည်ပေးပါနော်။ ဆီပြန်ပြီဆိုရင်တော့ အပေါ့အငံ အရသာမြည်း၊ လိုအပ်တဲ့အရသာထပ်ဖြည့်ပြီး ဟင်းအိုးချလို့ရပါပြီနော်။ အဲ့ဒါဆိုရင် အနံ့လည်းမွှေး အအီလည်းပြေအရသာ လည်း ရှိတဲ့ ၀က်သားသုံးထပ်သား နာနတ်သီး ချက်လေး ရပါပြီနော်။
မှတ်ချက်။ ဓာတ်ပုံက မမGuiness ရဲ့ အလှူမှာ တည်ခင်းထားတဲ့ ဟင်းပွဲပုံပါနော်။
Posted By: admin
Last Edit: 03 Aug 2010 @ 08:27 AM
EmailPermalinkComments (3)
Tags
Categories: ဟင်း
 16 May 2010 @ 12:30 PM 
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါလို့ မေတ္တာရပ်ဝန်းမီးဖိုဆောင်မှ ၀ိုင်းတော်သားများအားလုံးက နှုတ်ခွန်းဆက်ပါတယ်ရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ဆတ်သားခြောက်ချက်နည်းလေး မျှဝေပေးပါစေရဦးနော်။
ဆတ်သားခြောက်က ကိုယ်တိုင်လုပ်ရင် လက်ဝင်လှတယ်လို့ ထင်ရပေမယ့် ကိုယ်တိုင်လုပ်ချင်ရင် လုပ်လို့ရအောင်လို့ လုပ်နည်းလေးလည်း မျှဝေပါရစေနော်။ အခုက ရာသီဥတုက ပူတယ်ဆိုတော့ ဆတ်သားခြောက်၊ အမဲ ခြောက်၊ ငါးခြောက်လုပ်မယ်ဆိုရင် အင်မတန်ကောင်းတဲ့ ရာသီပါနော်။ (အကောင်းဘက်က လှည့်တွေးပေးတာပါနော်)။
ကျွန်မ နေပြည်တော်သွားတော့ မမျှော်လင့်ဘဲ ဆတ်သားအစိမ်းတွေ လာရောင်းတဲ့ တောသည်နဲ့ တွေ့တော့ ဈေးသည်က ဆတ်သားခြောက် လုပ်ပါလားဆိုပြီး ကျွန်မကို အကြံပေးတာနဲ့ ၃ ပိသာလောက် ၀ယ်လိုက်ဖြစ်ပါတယ်။
ဆတ်သားတွေကို အခြောက်လှန်းမှာမို့ ကျွန်မ ရေနဲ့ လောင်းဆေးတာမျိုးမလုပ်ဘဲ ချည်သားအ၀တ်စကို ရေဆွတ်ပြီးတော့ သန့်ရှင်းရေးလုပ်ပါတယ်၊ ပြီးတော့ ဆတ်သားကို တစ်လက်မအထူ၊ လေးလက်မ အရှည်အရွယ်လေးတွေ ရအောင် လှီးယူပါတယ်။ ပြီးတော့ သံပရာရည်၊ ဆားအနည်းငယ်တို့နဲ့ ရောပြီး ဆတ်သားတွေနဲ့ နယ်ပါတယ်။
ပြီးရင် ဇကာကိုယူ၊ အောက်မှာ တစ်ရှူးစတွေ ခင်း၊ အပေါ်ကနေ အသားတွေကို စီစီရီရီ လေးတင်ပြီး နေလှန်းပေးပါနော်။ မနက်ကိုးနာရီလောက်ကနေ စပြီး လှန်းတယ်ဆိုရင် နေ့လည် ၂ နာရီလောက်မှာ အသားတွေကို တစ်ဘက်လှန်ပေးပါနော်။ ညနေ ၆ နာရီလောက် ထိ နေပူတာမို့ တစ်နေကုန်သွားရင် အသားတွေ တော်တော်လေး ခြောက်နေပါပြီ။ တကယ်လို့သာ တစ်နေ့ကုန်နေနဲ့ ခြောက်ထားတဲ့ ဆတ်သားကို မီးလေးဖုတ်ပြီး ဆီဆမ်းစား မယ်ဆိုရင် မွမွရွရွလေးနဲ့ တော်တော်လေး စားကောင်းမယ့် အနေအထားပါနော်။ ဒါပေမယ့် ကြာရှည်ထားဖို့ ဆိုရင်တော့ နောက်တစ်ရက်မှာ တစ်နေ့ကုန် နေထပ်လှန်း ပေးရပါမယ်နော်။ ကိုယ်တိုင်လုပ်တဲ့အတွက် ယမ်းစိမ်းလည်း မထည့်တာမို့ ဆတ်သားလေးတွေက အပြင်က ရောင်းသလို နီရဲရဲလေး မဖြစ်နေဘဲ ညိုမည်းမည်းလေးဖြစ်နေတာပေါ့နော်။
ဆတ်သားခြောက်၊ အမဲခြောက်၊ ဆိတ်သားခြောက်၊ ငါးခြောက် စတာတွေကို မှိုမတက်အောင် ဘယ်လိုသိမ်းရမလဲဆိုတာကိုလည်း မောင်နှမများကို မျှဝေပေးပါရစေဦးနော်။ ကိုယ်တိုင်လုပ်ထားတာပဲဖြစ်ဖြစ်၊ ဈေးကနေ၀ယ်တာပဲ ဖြစ်ဖြစ် ခြောက်နေအောင် နေလှန်းပြီး ရင် သူတို့ကို အေးသွားအောင်အရင် အအေးခံလိုက်ပါနော်။ ပြီးတော့ အဲ့ဒီအခြောက်တွေကို သတင်းစာစက္ကူနဲ့ သေချာလိပ်ပြီး ထုပ်ပေးပါ။ ပြီးတော့မှ ဖန်ပုလင်း၊ ပလစ်စတစ်ဗူး စတာတွေ ထဲမှာ လေလုံအောင် သေချာပိတ်ပြီး သိမ်းထားပေးရင် မှိုတက်မှာ၊ အစိုပြန်မှာ မစိုးရိမ်ရ တော့ဘဲ အနံ့အရသာမပျက် ရေရှည်ထားပြီး စားသုံးနိုင်ပါတယ်နော်။ တစ်ချို့က မုန့်ပုံး (သံပုံး) တွေထဲ ထည့်သိမ်းတတ်ပါတယ်၊ မထည့်ဖို့ ကျွန်မ အကြံပြုပါရစေနော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆတ်သားခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက် အပုပွတောင့်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ နနွင်းမှုန့်၊ ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။
ကျွန်မချက်မယ့် ဆတ်သားက ကိုယ်တိုင်လုပ်ထားတဲ့ ဆတ်သားခြောက်မို့ ချက်ခါနီး ကျွန်မ ရေနွေးကြက်သီးနွေးလေးနဲ့ ၁၅ မိနစ်လောက် စိမ်ထားလိုက်ပါတယ်နော်။ အပြင်ကနေ ၀ယ်တဲ့အသားခြောက်မျိုးဆိုရင်တော့ အချိန်နည်းနည်းပိုပြီး စိမ်ပေးလိုက်ပါနော်။ ပြီးရင်တော့ ဆတ်သားတွေကို အရွယ်တော် အတုံးလေးတွေ တုံးပြီး ဆားလေးနဲ့ နယ်ပေးထားပါနော်။
ကြက်သွန်ဖြူနီတို့ကို အခွံနွှာရေဆေးပေးထားပါ။ ငရုတ်သီးခြောက် အပုပွတောင့်ကို ရေနွေးနဲ့စိမ်ပြီး ညက်အောင်ထောင်း၊ ငရုတ်သီးညက်ပြီဆိုရင် ကြက်သွန်ဖြူနီတို့ကို ထည့်ထောင်းပေးပါနော်။ ခရမ်းချဉ်သီးကိုလည်း ပါးပါးလှီးပေးထားပါ။ ငရုတ်သီးစိမ်းကို အညှာခြွေရေဆေးပေးပြီး ထက်ခြမ်းခြမ်းပေးထားပါ။ နံနံပင်ကိုလည်း အမြစ်တွေဖယ်၊ သန့်ရှင်းရေးလုပ်၊ ရေဆေးပြီး ရေစစ်ပေးထားပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တို့ကိုထည့်ပြီး ဆီသတ်ပေးပါ၊ ဆီသတ်နံ့မွှေးလာပြီဆိုရင် ဆတ်သားခြောက်တွေထည့်ပြီး ဆီသတ်၊ ငံပြာရည်လေးနည်းနည်း ထည့်ပြီး မွှေပေးပါနော်။ ပြီးရင် ခရမ်းချဉ်သီးတွေထည့်ပြီး အားလုံးသမအောင်မွှေ၊ ခရမ်းချဉ်သီး တွေ ကြေသွားတဲ့အထိ မီးအသင့်အတင့်နဲ့ တည်ပေးပါနော်။ ခရမ်းချဉ်သီးတွေကြေပြီး ဆီပြန်လာပြီဆိုရင် အပေါ့အငန် အရသာကိုမြည်းပြီး ဟင်းခတ်မှုန့်လေးနဲ့ လိုအပ်တဲ့အရသာ ထပ်ဖြည့်ပေးပါနော်။ ဆတ်သားမနူးလောက်သေးဘူးလို့ ယူဆရင် လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာလောက် ရေထပ်ထည့်ပြီး ဆီပြန်အောင် တည်ပေးပါနော်။ ဆတ်သား လည်းနူး၊ ဆီလည်းပြန်ပြီဆိုရင်တော့ ငရုတ်သီးစိမ်းတောင့်လေးတွေကိုထည့်၊ နံနံပင်လေး အုပ်လိုက်ပါ နော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာမွှေးကြိုင်လှတဲ့ ဆတ်သားခြောက်ချက်လေး ရပါပြီနော်။ နယ်စားလို့လည်း ကောင်းလှပြီး ပင်စိမ်းရွက်လေး၊ သခွားသီးလေး၊ မုန်လာဥနီတို့နဲ့ တို့စားလို့လည်း အဆင်ပြေပါတယ်နော်။ လိုက်ဖက်တဲ့ ဟင်းအတွဲကတော့ သရက်သီးသုပ်၊ မုန်လာဥပိုးတီသုပ်၊ ပဲနီလေးကြာဆံဟင်းရည်သောက်တို့ပါနော်။
Posted By: admin
Last Edit: 16 May 2010 @ 12:30 PM
EmailPermalinkComments (5)
Tags
Categories: ဟင်း
 08 Apr 2010 @ 9:38 AM 
            ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတွေကို ၀က်နံရိုးတုံယမ်း ဟင်းချက်နည်းလေး မျှဝေပေးပါစေဦးနော်။ ကျွန်မတို့ဘလော့ဂ်မာင်နှမ တစ်ယောက်ဖြစ်တဲ့ Blogger လေး က မေးလ်ပို့ပြီး မေးလာပါတယ်။
အမရေ
ကျွန်တော့မှာ ဒါတွေရှိတယ်။ ဘာချက်သင့်လဲ အကြံပေးပါဦး။
၁။ ဝက်သား၊ ကြက်သား၊ Lamb သား
၂။ မဆလာ
၃။ ငံပြာရည်
၎။ ပဲငံပြာရည် အကြည် အနောက် ၂ မျိုးလုံး
၅။ ဆား၊ သကြား၊ အချိုမှုန့် ကြက်သားမှုန့်
၆။ ကြက်သွန် ဖြူနီ ဂျင်း
၇။ သစ်ဂျပိုး၊ နာနတ်ပွင့်၊ ပျင်းတော်သိန်၊ ကရဝေးရွက်
၈။ အာလူး
၉။ တုံယမ်း အနှစ်
တခြား ဟာတွေ ကတော့ အသားငါး အရွက် သွားပြေးဝယ်လို့ရတယ်။ဟင်းခတ်အမွှေးအကြိုင် ကတော့ အဲ့ဒါတွေလောက်ပဲ သိတယ်ဗျ။ မနက်ဖြန်ဟင်းချက်ချင်လို့လေ။ အဲ့ဒါ အကြံပေးပါဦး။
အမ ကတိလည်း မတည်ဘူး။ အင်္ဂလိပ်နာမည်နဲ့ ဟင်းခတ်အမွှေးအကြိုင်တင်ပေးမယ်
ဆိုပြီး တင်လဲ မတင်ပေးသေးဘူး။
ဟိုနေ့က အမပြောတဲ့အတိုင်း နာနတ်သီးနဲ့ ဝက်သားနဲ့ ကောင်းမှကောင်းပဲ။ အရမ်းကျေးဇူး တင်တယ်နော်။
တာ့တာ။
ရဲလင်းကို (ဘလော့ဂါလေး)
            ဘလော့ဂါလေးရဲ့ မေးလ်ကို ဖတ်ပြီးတော့မှ သူ့နဲ့ ဂျီတော့ခ်မှာ ချက်တင်လုပ်ရင်း ၀က်နံရိုးတုံယမ်း ချက်နည်းလေးကို ပြောပြဖြစ်ပါတယ်။ အခုဓာတ်ပုံကလည်း သူချက်ဖြစ်တဲ့ ၀က်နံရိုးတုံယမ်းချက်လေးပါ နော်။ ကျွန်မက ၀က်သားမစားတဲ့နိုင်ငံရောက်နေတဲ့ ဘလော့ဂါလေးရဲ့လက်ရာနဲ့ မောင်နှမများကို မျှဝေပေးပါရစေရှင်။
            လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်နံရိုး၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ တုံယမ်း အနှစ်၊ သံပုရာသီး၊ ရှောက်ရွက်၊ စပါးလင်၊ နနွင်းမှုန့်၊ ဆား၊ သကြားအနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်နဲ့ ဆီတို့ပါနော်။
            ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကို အခွံနွှာရေဆေးပေးပြီး ငရုတ်သီးစိမ်း အညှာခြွေ ပေးထားပါ။ စပါးလင်ကိုလည်း  ဆေးကြောပြီး တစ်လက်မခွဲ အရှည်လောက် လှီးဖြတ်ပေးထားပါနော်။ ပြီးရင် ငရုတ်ဆုံ ထဲကို ချင်းကို အရင်ထည့်ပြီး ထောင်းပေးပါ။ ပြီးရင်တော့ စပါးလင်ကို ထည့်ထောင်းပေးပါနော်။ ပြီးတော့မှ ငရုတ်သီးစိမ်း၊  ကြက်သွန်ဖြူနီတို့ကို မညက်တညက်ထောင်းပေးထားပါနော်။ သံပရာသီးကိုလည်း အစိတ် လေးတွေ စိတ်ပေးထားပါနော်။
            အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးပူလာရင် မီးအား ပြင်းပြင်းနဲ့ ၀က်နံရိုးတွေကို ထည့်ပြီး လှော်ပေးပါနော်။ အဲ့ဒီလို လှော်လိုက်တဲ့အတွက် ၀က်သားညှီနံ့ပျောက်သွား စေတဲ့အပြင် ချင်းရည်နဲ့ နယ်နှပ်ထားတဲ့အတွက် ၀က်နံရိုးထဲကို ချင်းနံ့မွှေးမွှေးလေးတွေ ၀င်သွားစေပါတယ် နော်။ ၀က်သားထဲက ထွက်လာတဲ့အရည်တွေ ခမ်းပြီဆိုရင်တော့ ၀က်သားတွေကို ပန်းကန်တစ်ချပ်ထဲ ခဏဆယ်ထည့်ပေးထားပါနော်။ ပြီးတော့ ဒယ်အိုးထဲ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေး နည်းနည်းထည့်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူနီချင်းစပါးလင်ငရုတ်သီးတို့ကို မီးအားအသင့်အတင့်နဲ့ ဆီသတ်ပေးပါနော်။ ငရုတ်သီးကြက်သွန်နွမ်းပြီဆိုရင်တော့ တုံယမ်းအနှစ်နဲ့ ရှောက်ရွက်တို့ကို ထည့်မွှေပေးပါ နော်။ ပြီးတော့မှ ၀က်နံရိုးတွေထည့်ပြီး အားလုံးသမအောင် မွှေပေးပါနော်။ ပြီးရင် ၀က်နံရိုးမြုပ် ရုံရေထည့်ပြီးတော့ မီးအသင့် အတင့်နဲ့တည်ပေးပါ။ အဲ့ဒီရေခမ်းသွားပြီဆိုရင် ဟင်းအိုးကို နှံ့အောင်မွှေ၊ ပြီးတော့ အပေါ့အငန်မြည်းပြီး လိုအပ်တဲ့အရသာထပ်ဖြည့်၊ ပြီးတော့မှ အအီပြေစေရအောင် သံပုရာရည်လေးထည့်၊ ရေအနည်းငယ် ထပ်ထည့်ပြီး တည်ပေးပါနော်။ ရေလည်းခမ်းပြီ၊ အရသာအပေါ့အငန်လည်း ကြိုက်ပြီဆိုရင်တော့ တုံယမ်း နံ့လေး သင်းပြီး ချိုချဉ်အရသာလေးနဲ့ ၀က်နံရိုးတုံယမ်းချက်လေး ရပါပြီနော်။ ကြိုက်တတ်ရင်တော့ ပင်စိမ်း ရွက်လေးအုပ်ပြီး သုံးဆောင်နိုင်ပါတယ်နော်။
          ကျွန်မရဲ့ မောင်နှမများထဲက ၀က်သားကြိုက်တတ်တဲ့မောင်နှမများအတွက် ၀က်သား ဟင်းချက်နည်းအဆန်းလေးကို ချက်စားနိုင်စေဖို့အတွက် မျှဝေလိုက်ပါတယ်နော်။
Posted By: admin
Last Edit: 08 Apr 2010 @ 09:38 AM
EmailPermalinkComments (7)
Tags
Categories: ဟင်း
 25 Jan 2010 @ 11:59 AM 
ဘာလချောင်ဒယ်အိုးလူး
ဆီးသီးလက်ပံပွင့်ဟင်းရည်
ဘာလချောင်ကြော်
ကြက်သားအာလူးဟင်း
ချစ်သော မောင်နှမများ အားလုံး မင်္ဂလာပါရှင်။ ထွန်းအိန္ဒြာဗိုကတော့ “မချစ်ရင် မနေနိုင်တာကလွဲလို့´´ပေါ့။ ကျွန်မကတော့ “မချက်ရင် မနေနိုင်တာကလွဲလို့´´ ဆိုသလို ဖြစ်နေပြီ မောင်နှမ တို့ရေ။
ကျွန်မ မြန်မာပြည်က ပါလာတဲ့ ဘာလချောင်ကြော်ဗူးက တက်တက်ပြောင်သွားပြီမို့ မနေ့က (တနင်္ဂနွေနေ့)မနက် အိမ်ရှင်အမေနဲ့ အတူ ဈေးသွားပြီး ဘာလချောင်ကြော်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ ၀ယ်ပါတယ်။ ပြီးတော့ တစ်လက်စတည်းပဲ မြန်မာအစားအစာတွေချည်းဖြစ်သွားရအောင်လို့ အာလူးနဲ့ ကြက်သားဟင်း ချက်ပေးမယ်၊ ဟင်းရည်သောက်လေး ချက်ပေးမယ်လို့ စိတ်ကူးလိုက်တယ်လေ။ အဲ့ဒီ Set လိုက်ကိုပဲ ကျွန်မရဲ့ မောင်နှမများကို မျှဝေပေးပါရစေဦးနော်။
ဒီတစ်ခေါက်ချက်တဲ့ ကြက်သားအာလူးဟင်းက ပုံစံတစ်မျိုးနဲ့ ချက်ထားတာပါနော်။ ကျွန်မကတော့လေ အစားအသောက် ဘယ်လောက်ခုံမင်တယ်မသိဘူး၊ အိပ်မက်ထဲတောင် ဟင်းချက်တာ၊ အခု အိပ်မက်ထဲက ချက်တဲ့အတိုင်း ချက်မယ့် အာလူးကြက်သားဟင်းနော်။ မရီကြနဲ့။ ကြက်သားအာလူးဟင်းချက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်သား၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ နနွင်းမှုန့်နဲ့ ဆီတို့ပါနော်။
ကြက်သားကို သန့်စင်အောင် ဆေးကြောပြီးတော့ ဆား၊ သကြား၊ ဟင်းခတ်မှုန့် အနည်းငယ်တို့နဲ့ နယ်ပါတယ်။ ပြီးတော့ ချင်းအ၀ိုင်းလိုက်လေးတွေ လှီးထည့်ပြီး ကြက်သားကို ဒယ်အိုးထဲထည့်ပြီး အသားထဲက ထွက်တဲ့ရေနဲ့ ခမ်းအောင် အရင်တည်ပါတယ်။ အသားထဲက ထွက်တဲ့ရေ ကုန်တဲ့အခါမှာတော့ လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာလောက် ရေထပ်ထည့်ပြီး အဖုံးအုပ်ပြီး ထပ်တည်ပါတယ်။ အဲ့ဒီတစ်ရေခမ်းတဲ့အခါမှာတော့ ကြက်သားတွေကို အအေးခံပြီး အေးတဲ့အခါ အရိုးနွင်ပေးထားပါတယ်။
အာလူးတွေကို အခွံနွှာပြီး အတုံးကို သေးနိုင်သမျှ သေးအောင် တုံးပါတယ်၊ ပြီးတော့မှ ဆားနဲ့ နယ်ဆေးပါတယ်။ ကြက်သွန် ဖြူ၊ နီ၊ ချင်းတို့ကို အခွံနွှာရေဆေးပြီး မညက်တညက်လေး ထောင်းပါတယ်။ ငရုတ်သီးစိမ်းကို အညှာခြွေရေဆေးပြီး ထက်ခြမ်းခွဲထားပါတယ်။ ပင်စိမ်းရွက်ကို သန့်စင်အောင်ဆေးပေးထားပါတယ်။
အားလုံးအသင့်ဖြစ်တဲ့အခါ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေး အနည်းငယ် ခပ်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီချင်းတို့ ကို ဆီသတ်ပါတယ်။ ကြက်သွန်ဖြူနီ နွမ်းပြီဆိုရင် အာလူးတွေကို ထည့်ပြီး ဆီသတ်၊ ပြီးရင် ကြက်သားတွေရော ထည့်ပြီး အားလုံး သမအောင်မွှေ၊ ရေအနည်းထည့်၊ အဖုံးအုပ်ပြီး တည်ပေးပါနော်။ အာလူးနူးပြီး အနှစ်ဖတ်လေးတွေ ရလာတဲ့အထိ လိုအပ်သလို ရေထည့်လိုက်၊ တည်လိုက် လုပ်ပေးပါနော်။ အာလူးတွေ အားလုံး ကြေပြီး အနှစ်လေးတွေလို ဖြစ်ပြီဆိုရင်တော့ အရသာ အပေါ့အငံကို မြည်းပြီး လိုတာထပ်ဖြည့် ငရုတ်သီးစိမ်းလေးနဲ့ ပင်စိမ်းလေး အုပ်ပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ ပင်စိမ်းနံ့မွှေးမွှေး၊ ငရုတ်သီးကြောင့် စပ်ရှိန်းရှိန်း၊ အာလူးအနှစ် များများနဲ့ ကြက်သားအာလူးဟင်းလေး ရပါပြီနော်။
ဘာလချောင်ကြော်လို့လည်းခေါ်တဲ့ ငပိကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးနီတူ၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ နီ၊ အနီရောင်ငရုတ်သီး (အခြောက်ဖြစ်စေ၊ အစိုဖြစ်စေ)၊ ငံပြာရည်၊ မန်ကျည်းသီးနှစ်၊ သကြား၊ ဆား၊ နနွင်းမှုန့်နဲ့ ဆီ တို့ပါနော်။ ဒီမှာလည်း http://lulucooking.blogspot.com/2007/08/blog-post_8843.html တစ်ခါ ရေးဖူးပါတယ်နော်။ ဒါပေမယ့် အခုတစ်ခေါက် အစားခံရအောင် ငါးနီတူလေးပါ ထည့်လိုက်ကြရအောင်နော်။
ငါးနီတူနဲ့ ပုဇွန်ခြောက်လေးကို မထောင်းခင်မှာ ရေနဲ့ သန့်စင်အောင် ဆေးကြောပြီး စကာနဲ့ စစ်ပြီး နေပူထဲ ခဏထား လိုက်ပါတယ်နော်။ အဲ့ဒီအချိန်မှာ ကြက်သွန်အဖြူအနီတို့ကို အခွံနွှာထားနော်။ ဒီမှာကတော့ ငရုတ်သီးအခြောက်တောင့် ၀ယ်လို့မရတာနဲ့ ငရုတ်သီးအနီအပွတောင့်တွေကို ၀ယ်ပါတယ်နော်။ အဲ့ဒါကို အညှာခြွေ၊ ရေဆေး ပြီးတော့မှ ကပ်ကြေး လေးနဲ့ တစ်လက်မအရွယ်လောက်လေးတွေ ဖြတ်ပြီး လေသလပ်ခံ ထားပါတယ်။ ပြီးရင် မန်ကျည်းသီးမှည့်ကို ရေနွေး ပူပူလေးနဲ့ စိမ်ထားလိုက်ပါနော်။
ပြီးရင် ကြက်သွန်ဖြူနီကို chopper နဲ့ ကြိတ်လိုက်ပါတယ်။ ပြီးတော့ ငရုတ်သီးကိုလည်း ကြိတ်ပါတယ်။ နောက်ဆုံး ပုစွန်ခြောက်ကို ကြိတ်ပါတယ်။ အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီကို ၅ ကျပ်သားလောက်ထည့်ပြီး ငါးနီတူတွေကို အရင်ကြော်ပါတယ်။ ကြော်တဲ့အခါမှာ အရမ်းကြွပ်ရွသွားအောင် ကြော်တာမျိုးမဟုတ်ဘဲ မကြွပ်တကြွပ် အချိန်မှာ ဆီအိုးထဲကနေ ဆယ်ယူပြီး ဇကာထဲ ထည့်ထားပါတယ်။ ပြီးရင် ကြိတ်ထားတဲ့ ကြက်သွန်ဖြူနီတွေကို ကြော်ပေးပါ။ စစချင်းမှာ မီးအားအများဆုံးနဲ့ ကြော်ပေးပြီး နောက်ပိုင်းကျ ကြက်သွန်တွေထဲက အရည်စစ်သွားလို့ မွှေလို့ သွက်လာတဲ့အခါ မီးအားလျော့ပြီး မီးနွေးနွေးလေးနဲ့ ရွှေညိုရောင်လေးဖြစ်လာအောင်ထိ ကြော်ပေးပါနော်။ ရွှေအိုရောင် ပြောင်းလို့ အနံ့လေးကလည်း သင်းလာပြီဆိုရင်တော့ ဆီစစ်စကာပါတဲ့ ယောက်မလေးနဲ့ ဆယ်ယူပြီး စကာထဲထည့်ပြီး ဆီစစ်ထားပေးပါနော်။ ပြီးရင် ကြိတ်ထားတဲ့ ငရုတ်သီးတွေကို ထည့်ပြီးကြော်ပေးပါ။ ငရုတ်သီးက အစိုမို့လို့ အချိန်ယူပြီး နည်းနည်းခြောက်အောင် ကြော်ရပါတယ်။ ငရုတ်သီးထည့်ပြီး ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်တို့ကိုပါ ထည့်ပြီး ကြော်ပေးပြီး နောက်ပိုင်းမှာ ကြိတ်ထားတဲ့ ပုစွန်ခြောက်ကို ဆက်တိုက်ထည့်ပေးပါနော်။ မီးအသင့်အတင့်လောက်နဲ့ထားပြီး ကြော်ပေးရင်းနဲ့ ပုစွန်ခြောက်လေးရော ငရုတ်သီးလေးရော အညိုရောင်ဘက်လုလာပြီဆိုရင် မီးကို တတ်နိုင်သလောက် လျှော့ပြီး မန်ကျည်းသီးအနှစ်တွေကို ထည့်လိုက်ပြီး မွှေပေးပါ။ မီးအေးအေးနဲ့ ခုနက ငံပြာရည်ရယ်၊ မန်ကျည်းနှစ်ရယ်ကို ခမ်းအောင် ထားပါ။ အိုးမကပ်အောင်လဲ သတိထားပြီး မွှေပေးနော်။ ပြီးရင် ငါးနီတူခြောက်ကြော်နဲ့ ကြက်သွန်ဖြူနီကြော် တွေ ရောထည့်ပေးပါ။ တဖြည်းဖြည်းနဲ့ အရည်တွေခမ်းလာတဲ့အခါမှာ အနီရောင် ဆီလေးတွေက အပေါ်ကို ဝေ့တက်လာ ပါလာလိမ့်မယ်နော်။ အပေါ့အငံကို မြည်းနော်။ အရသာကို ဘယ်ဟာကိုမှ မကဲစေနဲ့။ မြည်းလိုက်တဲ့အခါမှ မန်ကျည်းသီးမှည့် အချဉ်လေးလျှာထဲ စိမ့်သွားသလို ငရုတ်သီးရဲ့အစပ်ကလဲ သွားရည်ယိုစေပါတယ်၊ ရေခမ်း လောက်ပြီဆိုရင် မီးဖိုပေါ်ကနေ ချပြီး အအေးခံထားလိုက်နော်။ အေးသွားပြီဆိုရင် ခုနက ဖယ်ထားတဲ့ ကြက်သွန်ဖြူနီကြော်တစ်ဝက်ထည့်ပြီးတော့ ရောမွှေလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ဘာလချောင်ကြော်ရပါပြီနော်။
အရည်သောက်အတွက် အစ်ကို့အိမ်က ထွက်တဲ့ ဆီးသီးခြောက်နဲ့ အညာက မိတ်ဆွေတစ်ယောက် ပေးလိုက်တဲ့ လက်ပံပွင့်ခြောက်လေး ချက်ပါမယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆီးသီးခြောက် လက်တစ်ဆုပ်၊ လက်ပံပွင့်ခြောက် (၁၀) ပွင့်၊ ကြက်သွန်ဖြူ၊ ငပိစိမ်းစား လက်တစ်ဆစ်၊ ပုစွန်ခြောက် အနည်းငယ်၊ ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်တို့ပါနော်။
ဆီးသီးခြောက်နဲ့ လက်ပံပွင့်ခြောက်တို့ကို ရေစိမ်ပေးထားပါ။ ပြီးရင် အိုးတစ်လုံးထဲမှာ ပုစွန်ခြောက်၊ ငပိ စိမ်းစား၊ ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး မီးဖိုပေါ် တည်ပေးပါ။ ပွက်ပွက်ဆူလာပြီ ဆိုရင်တော့ ကြက်သွန်ဖြူလေး ဓားပြားရိုက်ပြီးထည့်ပေးပြီး ဆက်တည်ပေးပါနော်။ ပြီးရင် ရေစိမ်ထားလို့ ဆီးသီး ခြောက်လေးတွေကို အသာလေးလက်နဲ့ အသားဖတ်လေးတွေ ဖဲ့ပေးပါနော်။ ပြီးတော့မှ ဆီးသီးခြောက်နဲ့ လက်ပံပွင့်ခြောက်တို့ ထည့်ပြီး တည်ပေးပါနော်။ တည်ပေး ရင်းနဲ့ ဆီးသီးထဲကနေ ချိုချဉ်အရသာလေး ထွက်လာ သလို လက်ပံပွင့်လေးကနေလည်း ခပ်ချွဲချွဲလေး ဖြစ်လာပါမယ်နော်။ ပြီးရင်တော့ အရသာ အပေါ့အငန်မြည်းပြီးတော့ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ ဟင်းအိုးချလို့ရပါပြီနော်။ ချိုချဉ်အရသာ လေးနဲ့ ခံတွင်းရှင်းစေတဲ့ ဆီးသီး လက်ပံပွင့်ဟင်းရည်သောက်လေး ရပါပြီနော်။
နောက်ဆုံးမှာတော့ ဘာလချောင်ကြော်တွေကို ပုလင်းသန့်သန့်ထဲ ထည့်သိမ်းပြီး ဒယ်အိုးထဲမှာ ကျန်တဲ့ အဆီအနှစ်တွေကို ထမင်းလေးနဲ့ လူးနယ်လိုက်ပါတယ်နော်။ အဲ့ဒါဆိုရင်တော့ ဘာလချောင်ထမင်းနယ် လေး ရပါပြီနော်။
ချစ်သောမောင်နှမများအားလုံးလည်း အဆင်ပြေရင် ချက်စားကြည့်ကြပါဦးနော်။
Posted By: admin
Last Edit: 25 Jan 2010 @ 11:59 AM
EmailPermalinkComments (8)
Tags
 Last 50 Posts
 Back
 Back
Change Theme...
  • Users » 1
  • Posts/Pages » 348
  • Comments » 1,341
Change Theme...
  • VoidVoid « Default
  • LifeLife
  • EarthEarth
  • WindWind
  • WaterWater
  • FireFire
  • LightLight
About
    No Child Pages.